အိပ်ချ်အိုင်ဗီပိုးကို ရှောင်ရှားရန် ထိတွေ့မှုမတိုင်မီ ကာကွယ်ဆေးကို သောက်ပါသည်။ ၎င်းမှာ အသုံးကျပါသည်။

Available in English


ပိုးမထိတွေ့မီ ကာကွယ်ဆေးသုံးစွဲခြင်း (PrEP)

PrEP ဆိုသည်မှာ အဘယ်နည်း။

ပိုးမထိတွေ့မီ ကာကွယ်ဆေးသုံးစွဲခြင်း (PrEP) သည် အိပ်ချ်အိုင်ဗီပိုးမရှိသည့် ပုဂ္ဂိုလ်များက အိပ်ချ်အိုင်ဗီပိုးရှိ အဖြေ မရစေရန်အတွက် သောက်သုံးရသည့် ဆေးဝါးဖြစ်သည်။ PrEP သည် အိပ်ချ်အိုင်ဗီပိုးကူးစက်မှု အန္တရာယ်ရှိသူ မည်သူမဆိုအတွက် သင့်လျော်ပြီး အိပ်ချ်အိုင်ဗီပိုးအခြေအနေ မသိရသော လိင်ဆက်ဆံဖက်များနှင့် ကွန်ဒုံးလိင်တံအစွပ်မဲ့ လိင်ဆက်ဆံသည့် လိင်တူချစ်သူများနှင့် လိင်တူမတူဆက်ဆံသည့် အမျိုးသားများအတွက် အကြံပြုထားပါသည်။

PrEP ဆေးသည် မည်သို့လုပ်ကိုင်သနည်း။

PrEP ဆေးသည် သင့်ခန္ဓာကိုယ်အတွင်း အတားအဆီးတစ်ခုကို ဖန်တီးပြီး သင့်အား အိပ်ချ်အိုင်ဗီပိုးမှ ကာကွယ်ပေးသည်။

PrEP ဆေးကို ဆေးညွှန်းထားသည့်အတိုင်းသောက်သုံးသည့်အခါ အိပ်ချ်အိုင်ဗီပိုးဟန့်တားရာတွင် အလွန်ထိရောက်သော နည်းလမ်းဖြစ်သည်။

PrEP ဆေးကြောင့် ဘေးထွက်ဆိုးကျိုးများ ရှိပါသလား။

သုတေသနပြုချက်များအရ ပျို့အန်ခြင်းနှင့် ခေါင်းကိုက်ခြင်း အပါအဝင် အပျော့စား ဘေးထွက်ဆိုးကျိုးအချို့ရှိနိုင်သည်၊ သို့သော် ၎င်းတို့သည် တစ်ပတ်ခန့်အကြာတွင် သာမန်အားဖြင့် ပျောက်ကွယ်သွားသည်။
အချို့သောလူများတွင် ဘေးထွက်ဆိုးကျိုး လုံးဝမရှိပါ။ အကယ်၍ သင် ဘေးထွက်ဆိုးကျိုးများကို တစ်ပတ်ထက်ပိုကြာကြာ ခံစားရပါက သို့မဟုတ် PrEP ကိုသေသေချာချာ မသောက်သုံးနိုင်ပါက သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။

PrEP ဆေးသောက်သုံးသူတိုင်းသည် PrEP ဆေးညွှန်းစာအသစ်ရယူရန် ဆရာဝန်နှင့် ၃ လတစ်ကြိမ် ပြသရန် လိုအပ်ပါသည်။ ဤပုံမှန်ပြသမှုများတွင် သင့်အပေါ် ဆေးဝါးက မည်သို့သက်ရောက်နေသည်ကို စစ်ဆေးပါမည်။ တစ်ချိန်တည်းမှာပင် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအပြည့်အစုံကိုလည်း စစ်ဆေးရန်ကောင်းပါသည်။

PrEP ဆေးကို မည်သို့သောက်ရသနည်း။

PrEP ဆေးကို သောက်နိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။

  • နေ့စဥ်
  • လိုအပ်ချိန် နှင့်
  • အခါအားလျော်စွာ။

PrEP သည် HIV အန္တရာယ်ရှိသူတိုင်းအတွက် သင့်လျော်သည်။


နေ့စဉ် PrEP ဆေးဆိုသည်မှာ အဘယ်နည်း။

နေ့စဉ် PrEP ဆေးဆိုသည်မှာ PrEP ဆေးကို နေ့တိုင်းသောက်ခြင်းဖြစ်သည်။ လိင် သို့မဟုတ် လိင်စိတ်ခံယူမှု မသက်ဆိုင်ဘဲ အိပ်ချ်အိုင်ဗီပိုးကူးစက်နိုင်သူ မည်သူမဆိုအတွက် နေ့စဉ် PrEP ဆေးကို အကြံပြုသည်။

နေ့စဉ် PrEP ဆေးကို နေ့စဉ်သောက်သောအခါ၊ ၎င်းကိုသင်၏နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်စိတ်တစ်ပိုင်းဖြစ်စေသည်မှာ အကောင်းဆုံးဖြစ်သည်။ ဆေးကို အိပ်ရာဘေးတွင် တင်ထားပါ၊ နံနက်အိပ်ရာမှနိုးသည့်အခါ သောက်ပါ သို့မဟုတ် ရေချိုးခန်းတွင်ထားပါ၊ သွားတိုက်ပြီးတဲ့အခါ သောက်ပါ။ နေ့စဥ်လုပ်ရမည့်ကိစ္စတိုင်းကို PrEP ဆေးသောက်ရန်အတွက် အသုံးချသော သတိပေးချက်အဖြစ် လုပ်ထားနိုင်သည်။

နေ့စဉ် PrEP ဆေးသောက်ခြင်းအကြောင်း ပိုမိုသိရှိရန် အောက်ပါဗီဒီယိုကို ကြည့်ပါ။

နေ့စဉ် PrEP ဆေးအကြောင်း သိထားသင့်သည့်အချက် ၁၀ ချက်

နေ့စဉ် PrEP ဆေးအကြောင်း ပိုမိုသိရှိလိုပါက PrEP Access Now တွင်ကြည့်ပါ။


လိုအပ်ချိန် PrEP ဆေးဆိုသည်မှာ အဘယ်နည်း။

လိုအပ်ချိန် PrEP ဆေးဆိုသည်မှာ သင် လိင်ဆက်ဆံမည်ဟုသိသည့်အချိန်မျိုးတွင် PrEP ဆေးကိုသောက်ခြင်းဖြစ်သည်။

လိုအပ်ချိန် PrEP ဆေးတွင်-

  • လိင်မဆက်ဆံမီ ၂-၂၄ နာရီကြို၍ ဆေးနှစ်ပြားသောက်ခြင်း၊ ထို့နောက်
  • နောက်ထပ် ဆေးပြားကို ပထမ ဆေးနှစ်ပြားသောက်ပြီး ၂၄ နာရီအကြာတွင် သောက်ခြင်း၊ ထို့နောက်
  • နောက်ဆုံးဆေးပြားကို ဒုတိယဆေးပြားသောက်ပြီး ၂၄ နာရီအကြာတွင် သောက်ပါ။

လိုအပ်ချိန် PrEP ဆေးကို အချိန်ဇယားအတိုင်း အချိန်မှန်သောက်ရမည်။ စီစဉ်ထားသည့်အတိုင်းနှင့် မှန်မှန်ကန်ကန် သောက်ပါက လိုအပ်ချိန် PrEP ဆေးသည် သင့်အား အိပ်ချ်အိုင်ဗီပိုးမှ ကာကွယ်ပေးပါမည်။

လိုအပ်ချိန် PrEP ဆေးသည် ကျွန်ုပ်အတွက် သင့်တော်ပါသလား။

လိုအပ်ချိန် PrEP ဆေးကို အောက်ပါပုဂ္ဂိုလ်အတွက်သာ အကြံပြုသည်-

  • နာတာရှည် အသည်းရောင်ဘီ ပိုးမရှိသော အခြားအမျိုးသားများနှင့် လိင်ဆက်ဆံသော မွေးစဥ်သတ်မှတ်ခံ အမျိုးသား (Cisgender male)။

လိင်ပြောင်းအမျိုးသားများ၊ လိင်ပြောင်းအမျိုးသမီးများ၊ မွေးစဥ်သတ်မှတ်ခံ အမျိုးသမီးများ (Cisgender female) သို့မဟုတ် ဆန့်ကျင်ဖက်လိင်ကို စိတ်ဝင်စားသည့် အမျိုးသားများကို အိပ်ချ်အိုင်ဗီပိုးမှ ကာကွယ်ရန် လိုအပ်ချိန် PrEP ဆေးအား ဆေးသုတေသနအားဖြင့် အတည်ပြု မပေးထားပါ။

အောက်ဖော်ပြပါ ဆေးသောက်ရန် အချိန်ဇယားများအတိုင်း လိုက်နာနိုင်ပါသလား။

လိုအပ်ချိန် PrEP ဆေးကို ဆေးညွှန်းအချိန်ဇယားအတိုင်း သောက်ရန်လိုအပ်ပါသည်။ ဆေးသောက်ပျက်ကွက်သွားပါက ဤကြိုတင်ကာကွယ်နည်းမှာ အသုံးကျနိုင်မည် မဟုတ်ပါ။ အကယ်၍ သင် ဆေးသောက်ရန် မေ့လွယ်နေပါက သို့မဟုတ် အချိန်ကိုက် သောက်ရန် အခက်အခဲရှိပါက လိုအပ်ချိန်ဆေးသည် သင့်အတွက် မသင့်တော်ပါ။ သို့သော်၊ သင့်ဖုန်းတွင် နှိုးစက်များသတ်မှတ်ခြင်း သို့မဟုတ် သတိပေးချက်များကဲ့သို့သော လိုအပ်ချိန် PrEP ဆေးသောက်ရန်လိုသည့်အချိန်ကို သင့်အား သတိပေးနိုင်သည့် အကြံပြုချက်များရှိသည်။

ကုန်ကျစရိတ်သည် အကြောင်းခံတစ်ခုအဖြစ် အခက်အခဲဖြစ်ပါသလား။

လိုအပ်ချိန် PrEP ဆေးကို နေ့စဉ် PrEP ဆေးနှင့် နှိုင်းယှဉ်ပါက ဆေးပြား ပိုနည်း၍ သောက်သုံးရသောကြောင့် အချိန်အတိုင်းအတာ အတူတူတွင် သင် ဆေးပြား ပိုနည်း၍ သောက်သဖြင့် သင့်အဖို့ ပို၍ စျေးသက်သာပါသည်။ အကယ်၍ သင်သည် PrEP ကိုဝယ်ယူရန် ငွေကြေးအခက်အခဲ တွေ့ကြုံနေရပါက PrEP Access Now တွင်ကြည့်ပါ၊ ၎င်းတို့အနေဖြင့် သင့်အား PrEP ဆေးပေးနိုင်ပါမည်။

လိင်ဆက်ဆံမှုကို သင် မည်မျှမကြာခဏ ဆက်ဆံသနည်း။

အမျိုးသားများသည် PrEP နေ့စဉ်သောက်ခြင်းကို ရပ်လိုက်လေ့ရှိသည့် အကြောင်းရင်းမှာ ၎င်းတို့ မကြာခဏဆိုသလို လိင်ဆက်ဆံခြင်း မရှိသည့်အတွက်ကြောင့် နေ့စဥ်သောက်ရန် မလိုအပ်ပါ။ တစ်ပတ်လျှင် နှစ်ကြိမ် သို့မဟုတ် ထို့ထက်ပို၍ လိင်ဆက်ဆံသူတိုင်းအတွက်၊ နေ့စဉ် PrEP သည် အကြံပြုထားသော နည်းလမ်းဖြစ်သည် — သင် လိင်ဆက်ဆံလိုသည့်အခါတိုင်း သင့်အဖို့ အဆင်သင့်ဖြစ်ပါမည်။

ဆေးပြားများ သောက်သုံးခြင်းမှာ သင့်အဖို့ မည်မျှအဆင်ပြေပါသလဲ။

နေ့တိုင်း ဆေးသောက်ရခြင်းမှာ လူတိုင်းအတွက် အဆင်ပြေသည်တော့ မဟုတ်ပါ။ လိုအပ်ချိန် PrEP ဆေးကို သင် သောက်လိုသည့်အခါ သောက်နိုင်သောကြောင့် ပို၍ သဘောကျကြပါသည်။ ဆေးသောက်ပြီး အနည်းဆုံး နှစ်နာရီအကြာ၌ လိင်ဆက်ဆံရန် သင် စီစဥ်နိုင်သမျှ သို့မဟုတ် အနည်းဆုံး နှစ်ရီအကြာ ရွှေ့ဆိုင်းနိုင်သမျှ လိုအပ်ချိန် PrEP ဆေးသည် သင် သောက်သုံးသည့် ဆေးပမာဏကို အနည်းဆုံးဖြစ်စေပြီး သင့်အကာအကွယ်ကို အများဆုံးဖြစ်အောင် လုပ်ပေးနိုင်သည်။

အကယ်၍ သင် တစ်နေ့ ဆေးပြား တစ်ပြားသောက်သုံးနိုင်ပါက နေ့စဉ် PrEP ဆေးမှာ အကောင်းဆုံးဖြစ်ပါသည်။

လိုအပ်ချိန် PrEP ဆေးသောက်သုံးခြင်းအကြောင်းနှင့် ဤဆေးမှာ သင့်အတွက် သင့်တော်သည် ဟုတ်/မဟုတ် ပိုမိုသိရှိရန် အောက်ပါ ဗီဒီယိုကို ကြည့်ပါ။

လိုအပ်ချိန် PrEP ဆေးအကြောင်း ပိုမိုသိရှိလိုပါက PrEP Access Now တွင်ကြည့်ပါ။


အခါအားလျော်စွာ PrEP ဆေးဆိုသည်မှာ အဘယ်နည်း။

အခါအားလျော်စွာ PrEP ဆေးဆိုသည်မှာ PrEP ဆေးပြားကို နေ့စဥ်သောက်သုံးရသော်လည်း အချိန်အတိုင်းအတာတစ်ခုအထိသာ သောက်ရပါသည်။ ဥပမာအားဖြင့်၊ သင် ခရီးသွားခြင်း သို့မဟုတ် တစ်ပတ်ကြာ ပွဲတော် တက်ရောက်ခြင်း။

သင် အဝေးရောက်နေချိန် နေ့တိုင်း PrEP ဆေးကို သောက်ပါ၊ ထိုကာလအတွင်း သင့်အား အိပ်ချ်အိုင်ဗီပိုးမှ ကာကွယ်ပေးသည်။ အထူးသဖြင့် သင် နေ့စဉ် ဆေးသောက်သုံးနေကျ မဟုတ်သည့်တိုင် PrEP ဆေးပြားကို သင်၏နေ့စဉ်ပုံမှန် လုပ်ရိုးလုပ်စဥ်ဖြစ်နေစေရန်မှာ အကောင်းဆုံးဖြစ်သည်ကို မမေ့ပါနှင့်။

သင် ယခင်က မသောက်ဖူးသည့်အပြင် သင့်ခန္ဓာကိုယ်က မည်သို့တုံ့ပြန်မည်ကို သိလိုပါက PrEP ကို စတင်သောက်ရန်အတွက် အခါအားလျော်စွာ PrEP သည် အသုံးဝင်သောနည်းလမ်းတစ်ခုလည်း ဖြစ်နိုင်ပါသည်။

အခါအားလျော်စွာ PrEP ဆေးအကြောင်း ပိုမိုသိရှိလိုပါက PrEP Access Now တွင်ကြည့်ပါ။


PrEP ဆေးကို ပြန်သောက်သုံးခြင်း

COVID ပေါ်ပေါက်လာသောအခါ ကျွန်ုပ်တို့၏ လိင်ဆက်ဆံမှုကို ယာယီ ရပ်ဆိုင်းထားရသည်။ အိပ်ချ်အိုင်ဗီပိုးကာကွယ်ရန် PrEP ဆေးသုံးစွဲနေသောယောက်ျားများသည် ပိတ်သိမ်းချိန် (lockdown) ကာလအတွင်း ဆေးသောက်ရန် လိုအပ်သည် ဟုတ်/မဟုတ် ထည့်သွင်းစဥ်းစားခဲ့ကြသည် အဘယ်ကြောင့်ဆိုသော် ထိုအချိန်ကာလတွင် အခြားယောက်ျားများနှင့် ထိတွေ့ဆက်ဆံမှုကို ရပ်ဆိုင်းထားခြင်းကြောင့်ဖြစ်သည်။ မကြာသေးမီက လေ့လာမှုတစ်ခုအရ PrEP ဆေးသုံးစွဲနေသောယောက်ျားများ၏ ၄၀% ခန့်သည် ပိတ်သိမ်းချိန် (lockdown) ကာလအတွင်း ၎င်းဆေးကို ရပ်ဆိုင်းထားခဲ့ကြသည်။

ယခုအခါ ကျွန်ုပ်တို့သည် လူများနှင့် ပြန်လည် ထိတွေ့ဆက်ဆံလာနိုင်မည်ဖြစ်သောကြောင့် အချို့သော အမျိုးသားများသည် PrEP ဆေးကိုမည်သို့ သောက်သုံးရမည်နှင့် မည်သို့ ပြန်သောက်သုံးရမည်ကို စတင်စဉ်းစားလာကြသည်။

PrEP ပြန်လည် စတင်သောက်သုံးခြင်းနှင့်ပတ်သက်၍ အသုံးဝင်သော အချက်အလက်အချို့နှင့် အကြံပြုချက်အချို့ ရှိပါသည်။

  • PrEP ဆေး မည်သို့ပြန်လည်စတင် သောက်သုံးရမည့်အကြောင်း စဉ်းစားသည့်အခါ ပထမဆုံးစဉ်းစားရမည့်အချက်မှာ သင်၏ နောက်ဆုံးအကြိမ် အိပ်ချ်အိုင်ဗီပိုးနှင့် ကာလသားရောဂါ စစ်ဆေးမှုကို ဘယ်အချိန်က လုပ်ခဲ့သည်ကို စဥ်းစားရန်ဖြစ်ပါသည်။ လွန်ခဲ့သော ၃ လအတွင်း သင် ဆေးစစ်မှု မပြုလုပ်ခဲ့ပါက၊ သင်၏ဆေးခန်း သို့မဟုတ် လိင်ကျန်းမာရေးဌာနတွင် ရက်ချိန်းယူရန် လိုအပ်ပါသည်။
  • ဆရာဝန်ဆီမသွားမီ သင့်တွင် ဆေးလက်ကျန် ရှိမရှိ စစ်ဆေးပြီး ဆေးများမှာ သက်တမ်း ကုန်/မကုန် စစ်ဆေးပါ။ အပူရှိန်ကြောင့် PrEP ဆေးကို ပျက်စီးစေနိုင်ပြီး အိပ်ချ်အိုင်ဗီပိုးကို ကာကွယ်ရာတွင် ထိရောက်မှုမရှိနိုင်သောကြောင့် ၎င်းဆေးများကို အေးပြီးခြောက်သွေ့သောနေရာတွင် သိမ်းဆည်းထားရန် သေချာပါစေ။
  • သင့်တွင် သက်တမ်းမကုန်သေးသော ဆေးညွှန်းစာ ရှိနေသေးသည် ဟုတ်/မဟုတ် နှင့် ၎င်းတို့ မကြာမီ သက်တမ်းကုန်ဆုံးမည် ဟုတ်/မဟုတ်ကိုလည်း စစ်ဆေးသင့်ပါသည်။ PrEP ဆေးမသောက်သုံးမီ သင့်ဆရာဝန်နှင့် စစ်ဆေးရန် လိုပေမည်။
  • PrEP ဆေးသောက်ရန် နည်းလမ်း အမျိုးမျိုးအကြောင်းနှင့် သင့်အတွက် အကောင်းဆုံးဖြစ်မည့်အရာကို သိရှိရန်တို့နှင့်ပတ်သက်၍ သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။ PrEP Access Now တွင် သင် ပိုမိုသိရှိနိုင်ပါသည်။

PrEP သည် အိပ်ချ်အိုင်ဗီပိုးကိုကာကွယ်ရန် အလွန်ထိရောက်သောနည်းလမ်းတစ်ရပ် ဖြစ်သည်။


PrEP၊ စစ်ဆေးခြင်းနှင့် ကာလသားရောဂါများ

သင် နေ့စဉ်ဆေးကိုသုံးသည်ဖြစ်စေ၊ လိုအပ်ချိန်ဆေးကိုသုံးသည်ဖြစ်စေ သို့မဟုတ် အခါအားလျော်စွာ PrEP ဆေးကိုသုံးသည်ဖြစ်စေ အိပ်ချ်အိုင်ဗီပိုးနှင့် အခြားသော ကာလသားရောဂါများကို ၃ လတစ်ကြိမ် စစ်ဆေးရန် လိုအပ်သေးသည်။ ပုံမှန်စစ်ဆေးမှုခံယူခြင်းသည် PrEP သောက်သုံးခြင်း၏ အရေးကြီးသောအစိတ်အပိုင်းတစ်ရပ်ဖြစ်သည့်အပြင် သင်၏လိင်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ဂရုစိုက်ခြင်းဖြစ်ပါသည်။

PrEP သည် အိပ်ချ်အိုင်ဗီပိုးကာကွယ်ရန် နည်းလမ်းတစ်ခုသာဖြစ်ကြောင်း မမေ့ပါနှင့်။ PrEP သည် အခြား ကာလသားရောဂါများကို ကာကွယ်မပေးပါ။ အကယ်၍ သင် ကွန်ဒုံးလိင်တံအစွပ်သုံးခြင်းကို ရပ်တန့်ရန် သို့မဟုတ် ကွန်ဒုံးလိင်တံအစွပ်သုံးစွဲမှုကို လျှော့ချရန် ဆုံးဖြတ်ပါက၊ လိင်ကျန်းမာရေး ပုံမှန်စစ်ဆေးမှုကို ဆက်လက် လုပ်ဆောင်ရန်အရေးကြီးပါသည် သို့မှသာ ကာလသားရောဂါကူးစက်ခံရပါက အလွယ်တကူ ရောဂါဖော်ထုတ်နိုင်ပြီး ကုသပေးနိုင်ပါမည်။

ဆေးရရှိနိုင်မည့် နေရာ

ဩစတြေးလျတွင် PrEP ဆေးရယူရန် နည်းလမ်းမျိုးစုံရှိသည်။ နောက်ထပ်အချက်အလက်များအတွက် PrEP'D For Change သို့မဟုတ် PrEP Access Now ကိုကြည့်ပါ။ သင့်တွင် မယ်ဒီကဲ ရှိ/မရှိပေါ် မူတည်၍ PrEP ဆေးရယူရန်နည်းလမ်းများနှင့် ဆက်စပ်သော ကုန်ကျစရိတ်များရှိပါသည်။

သင့်တွင် PrEP ဆေးနှင့်ပတ်သက်၍ မေးမြန်းစရာများရှိပြီး တစ်စုံတစ်ဦးနှင့် စကားပြောလိုပါက၊ သင်သည် အိပ်ချ်အိုင်ဗီပိုး ကာကွယ်ရေး သတင်းအချက်အလက် ဖုန်းလိုင်း ၁၈၀၀ ၈၈၉ ၈၈၇ သို့ ဖုန်းခေါ်ဆိုပြီး မှတ်ပုံတင်လိင်ကျန်းမာရေး သူနာပြုတစ်ဦးနှင့် စကားပြောဆိုနိုင်ပါသည်။