အိပ်ချ်အိုင်ဗီပိုး (HIV)- အခြေခံ

Available in English


အိပ်ချ်အိုင်ဗီပိုး (HIV) ဆိုသည်မှာ အဘယ်နည်း။

အိပ်ချ်အိုင်ဗီ (HIV) ဆိုသည်မှာ လူ့ကိုယ်ခံအား နိမ့်ချစေသည့် ဗိုင်းရပ်စ်ပိုး (Human Immunodeficiency Virus) ကို ရည်ညွှန်းသည်။ အိပ်ချ်အိုင်ဗီပိုးသည် ကိုယ်ခံအားကို တိုက်ခိုက်သောဗိုင်းရပ်စ်ပိုးဖြစ်ပြီး မကုသဘဲထားပါက ပြင်းထန်သော‌ နာမကျန်းခြင်း သို့မဟုတ် အသက်သေဆုံးခြင်းကို ဖြစ်စေနိုင်သည်။ အိပ်ချ်အိုင်ဗီပိုးကို သွေး၊ သုတ်ရည်၊ မိန်းမကိုယ်အရည်နှင့် စအိုအမြှေးပါးအရည်များတွင် တွေ့နိုင်ပါသည်။ လိင်ဆက်ဆံစဉ် အိပ်ချ်အိုင်ဗီပိုးသည် ထိုအရည်များမှတစ်ဆင့် တစ်ဦးမှတစ်ဦးသို့ ကူးစက်သည်။

အိပ်ချ်အိုင်ဗီပိုးသည် အေအိုင်ဒီအက်စ်ရောဂါ ဖြစ်စေနိုင်သော ဗိုင်းရပ်စ် ဖြစ်သည်။

အေအိုင်ဒီအက်စ်ရောဂါ ဆိုသည်မှာ အဘယ်နည်း။

ကိုယ်ခံအား ကျဆင်းမှု ကူးစက်ရောဂါ (Acquired Immune Deficiency Syndrome (AIDS)) သည် ရောဂါတစ်မျိုးတည်း မဟုတ်ပါ။

မကုသပါက အိပ်ချ်အိုင်ဗီပိုးသည် ကိုယ်ခံအားကို ပျက်စီးစေနိုင်သောကြောင့် ပြင်းထန်သော နာမကျန်းခြင်းကို ခန္ဓာကိုယ်က မကာကွယ်နိုင်တော့ပါ၊ ၎င်းတို့ကို အေအိုင်ဒီအက်စ်ရောဂါကြောင့် ဖြစ်သော နာမကျန်းမှုများဟု ခေါ်ပါသည်။

အိပ်ချ်အိုင်ဗီပိုးရှိသူတွင် အေအိုင်ဒီအက်စ်ရောဂါ မဖြစ်နိုင်သေးကြောင်း သိရှိရန် အရေးကြီးပါသည်။ သို့သော် အေအိုင်ဒီအက်စ်ရောဂါရှိသူတိုင်းတွင် အိပ်ချ်အိုင်ဗီပိုးရှိပါသည်။ ယနေ့ခေတ် ဆေးဝါးကုသမှုများကြောင့် သြစတြေးလျတွင် အိပ်ချ်အိုင်ဗီပိုးရှိသူ အနည်းအကျဥ်းတွင်သာ အေအိုင်ဒီအက်စ်ရောဂါရှိကြောင်း တွေ့ရှိရသည်။

အိပ်ချ်အိုင်ဗီပိုးကို ကုသနည်းအကြောင်း ပိုမိုသိရှိရန် Treat HIV Now တွင်ကြည့်ပါ

အိပ်ချ်အိုင်ဗီပိုးနှင့် အေအိုင်ဒီအက်စ်တို့သည် အဓိပ္ပါယ် မတူပါ။

အိပ်ချ်အိုင်ဗီပိုး မည်သို့ ကူးစက်သနည်း။

အိပ်ချ်အိုင်ဗီပိုးသည် လူတစ်ဦးမှ အခြားတစ်ဦးသို့ ကူးစက်သည့်ရောဂါဖြစ်သော်လည်း တုပ်ကွေး သို့မဟုတ် COVID ကဲ့သို့ အလွယ်တကူ မကူးစက်တတ်ပါ - လေထဲမှတစ်ဆင့် ကူးစက်ခြင်း မဟုတ်ပါ။ နမ်းခြင်း၊ ပွေ့ဖက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းတို့ကြောင့် အိပ်ချ်အိုင်ဗီပိုး မကူးစက်နိုင်ပါ။ ဖန်ခွက်များ၊ ရေခွက်များ သို့မဟုတ် ဟင်းချက်အသုံးအဆောင်ပစ္စည်းများ အတူမျှဝေသုံးစွဲခြင်းဖြင့်လည်း မကူးစက်နိုင်ပါ။

အိပ်ချ်အိုင်ဗီပိုး ကူးစက်နိုင်သည့် အဓိကနည်းလမ်း သုံးမျိုးရှိပါသည်-

  • စအို၊ မိန်းမအင်္ဂါ သို့မဟုတ် ရှေ့ပေါက် သုံး၍လိင်ဆက်ဆံခြင်း၊
  • ဆေးထိုးအပ် ဆေးထိုးပြွန်များ မျှဝေသုံးစွဲခြင်းနှင့်
  • ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန် သို့မဟုတ် နို့တိုက်ချိန် မိခင်မှ ကလေးသို့ ကူးစက်ခြင်း။

အိပ်ချ်အိုင်ဗီပိုးမှာ မပျောက်ကင်းနိုင်သည့်အပြင် ကာကွယ်ဆေးလည်း မရှိပါ။

အိပ်ချ်အိုင်ဗီပိုးကို မည်သို့ ကာကွယ်ရသနည်း။

အိပ်ချ်အိုင်ဗီပိုးကို ကာကွယ်နိုင်သော နည်းလမ်းများစွာ ရှိသည်၊ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည်။

အိပ်ချ်အိုင်ဗီပိုး ကာကွယ်ရန် သင့်အတွက် မည်သည်က အကောင်းဆုံး အသုံးကျသည်ကို ရှာဖွေရန်မှာ အကောင်းဆုံးဖြစ်သည်။

အိပ်ချ်အိုင်ဗီပိုးကို ကာကွယ်ရန် မည်သည့်အရာက အသုံးကျသည့်အကြောင်း ပြောဆိုသည့်သူများ၏စကားကို နားထောင်ပါ။

အိပ်ချ်အိုင်ဗီပိုးကို မည်သို့စစ်ဆေးရသနည်း။

အိပ်ချ်အိုင်ဗီပိုးကိုတွေ့ရှိရန် အိတ်ချ်အိုင်ဗီပိုးခုခံအား (HIV antibody) စစ်ဆေးနည်းဖြင့် စစ်ဆေးရသည်။ အိပ်ချ်အိုင်ဗီပိုး သင့်ကိုယ်ထဲ ဝင်ရောက်လာသည့်အခါ ခန္ဓာကိုယ်က ဗိုင်းရပ်စ်ကို တွန်းလှန်ရန် ခုခံအားများ (antibodies) ကို ထုတ်ပေးသည်။ အိပ်ချ်အိုင်ဗီပိုး စစ်ဆေးမှုတွင် ဤခုခံအားများကို တွေ့ရှိပါသည်။ ဤခုခံအားများကို ထုတ်လုပ်ပြီး အိပ်ချ်အိုင်ဗီစစ်ဆေးမှုဖြင့် တွေ့ရှိနိုင်ရန် ၂ ပတ်မှ ၁၂ ပတ်အကြား ကြာနိုင်ပါသည်။

သင့်ခန္ဓာကိုယ်ထဲ အိပ်ချ်အိုင်ဗီပိုးဝင်ရောက်လာချိန်နှင့် ၎င်းပိုးကို စစ်ဆေးတွေ့ရှိိနုင်မည့်အချိန်အကြားကာလကို 'ရောဂါပွားချိန်' ဟုခေါ်သည်။ လူတစ်ယောက်တွင် အိပ်ချ်အိုင်ဗီပိုးရှိနေနိုင်သည့်တိုင် အဆိုပါ ကြားကာလအချိန်အတွင်း ထုတ်လုပ်နေသည့် အိပ်ချ်အိုင်ဗီပိုးခုခံအားကို စစ်ဆေးခြင်းဖြင့် ပိုးမတွေ့နိုင်ပါ။ ထို့ကြောင့် အိပ်ချ်အိုင်ဗီပိုးကို ပုံမှန်စစ်ဆေးရန် အရေးကြီးပါသည်။


အိပ်ချ်အိုင်ဗီပိုး (HIV) စစ်ဆေးခြင်း

အကယ်၍ သင် လိင်ဆက်ဆံပါက သင့်တွင် လိင်ဆက်ဆံဖက် တစ်ဦးတည်းရှိစေကာမူ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် အိပ်ချ်အိုင်ဗီပိုးစစ်ဆေးသင့်သည်။

တစ်ဦးထက်ပိုသော လိင်ဆက်ဆံဖက်ရှိသော ယောက်ျားများအဖို့ ၃ လတစ်ကြိမ် သို့မဟုတ် တစ်နှစ်လျှင် လေးကြိမ် စစ်ဆေးသင့်သည်။

အိပ်ချ်အိုင်ဗီပိုးစစ်ဆေးမှု ခံယူနည်း အမျိုးမျိုး ရှိပါသည်၊ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်-

  • ဆရာဝန် သို့မဟုတ် သူနာပြုဖြင့် စစ်ဆေးနည်း
  • အမြန် စစ်ဆေးနည်း- နှင့်
  • အိမ်၌ အမြန် စစ်ဆေးနည်း။

ကာလသားကူးစက်ရောဂါအကြောင်း ပိုမိုသိရှိရန် Drama Downunder သွားပါ။


အိပ်ချ်အိုင်ဗီပိုး သမားရိုးကျ စစ်ဆေးခြင်း

အိပ်ချ်အိုင်ဗီပိုး သမားရိုးကျစစ်ဆေးခြင်းတွင် သင့်လက်မှ သွေးနမူနာကို ထုတ်ယူပါသည်။ သွေးနမူနာကို စစ်ဆေးရန် ဓါတ်ခွဲခန်းသို့ ပေးပို့ပြီး အဖြေရရန် ၇ ရက်အထိ ကြာနိုင်သည်။

သင့်သွေးနမူနာကို မထုတ်ယူမီ၊ ဆရာဝန် သို့မဟုတ် သူနာပြုသည် သင့်လိင်ဆက်ဆံမှုရာဇဝင်အကြောင်း မေးခွန်းအချို့ကို မေးလေ့ရှိသည်၊ ထိုမေးခွန်းများမှာ -

  • အိပ်ချ်အိုင်ဗီပိုး နောက်ဆုံးအကြိမ် မည်သည့်အချိန်က စစ်ဆေးခဲ့သနည်း။
  • အိပ်ချ်အိုင်ဗီပိုး နောက်ဆုံးအကြိမ် စစ်ဆေးပြီးကတည်းကစ၍ သင့်တွင် လိင်ဆက်ဆံဖက် မည်မျှရှိသနည်း။
  • စအို၊ မိန်းမကိုယ် နှင့်/သို့မဟုတ် ရှေ့ပေါက် လိင်ဆက်ဆံခြင်း အပါအဝင် မည်သည့်လိင်ဆက်ဆံမှုမျိုး သင် ဆက်ဆံပါသလဲ။
  • လိင်ဆက်ဆံသည့်အခါ မည်သည့် အိပ်ချ်အိုင်ဗီပိုးကာကွယ်နည်းများကို သင် အသုံးပြုနေပါသလား သို့မဟုတ် အသုံးမပြုဘူးလား။

ဤမေးခွန်းများသည် ကိုယ်ရေးကိုယ်တာဆန်လွန်းသော်လည်း သင့်ဆရာဝန်နှင့် ပွင့်ပွင့်လင်းလင်းပြောရန် အရေးကြီးပါသည်။ သင့် လိင်ပိုင်းဆိုင်ရာသမိုင်းကြောင်းကို သူတို့ ပိုသိလေ၊ သင့်လိင်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်ရန် ပိုမိုကောင်းမွန်သောအနေအထားရှိလေ ဖြစ်ပါသည်။

အဖြေများကို ရယူခြင်း

အိပ်ချ်အိုင်ဗီပိုးသမားရိုးကျ စစ်ဆေးခြင်းသည် သင့်အား အိပ်ချ်အိုင်ဗီပိုးမရှိ အဖြေ သို့မဟုတ် အိပ်ချ်အိုင်ဗီပိုးရှိ အဖြေကို ပေးပါမည်။

အိပ်ချ်အိုင်ဗီပိုးမရှိ အဖြေ ရပါက ဆရာဝန်သည် အိပ်ချ်အိုင်ဗီပိုးကာကွယ်နည်း အမျိုးမျိုးနှင့် ပုံမှန်စစ်ဆေးခြင်း၏ အရေးကြီးပုံတို့ကို သင်နှင့် ဆွေးနွေးနိုင်ပါသည်။ အကယ်၍ သင်သည် ပိုးမရှိ အဖြေ ရပါက၊ စစ်ဆေးမှုတွင် အိပ်ချ်အိုင်ဗီပိုးခုခံအားများကို တွေ့ရှိရန် ကြားကာလအချိန်ကို ထည့်စဉ်းစားရန် လိုအပ်သေးသည်။ ထို့ကြောင့် ၆ ပတ်နှင့် ၃ လကြားတွင် စစ်ဆေးမှု ထပ်မံခံယူရန် အကြံပြုပါသည်။

အိပ်ချ်အိုင်ဗီပိုးရှိ အဖြေ ရပါက အဖြေမှာ ဘာကိုဆိုလိုကြောင်း ဆရာဝန်သည် သင်နှင့် လူချင်းစကားပြောပါလိမ့်မည်။ ၎င်းတို့ ဆွေးနွေးနိုင်သည်မှာ -

  • အဖြေအပေါ် သင် ခံစားနေရပုံ၊
  • ကုသမှု အမျိုးအစားများ၊ နှင့်
  • သင် ရရှိနိုင်သည့် ပံ့ပိုးမှုများအကြောင်း။

သူတို့သည် သင့် အကြောင်းကို ဆွေးနွေးရန် ‌တစ်စုံတစ်ဦးနှင့် လွှဲပေးနိုင်ပါသည်။ ပံ့ပိုးမှု အတွက်၊ သင် Victoria တွင်နေထိုင်ပါက Thorne Harbour Health ၊ သင် တောင်သြစတြေးလျတွင် နေထိုင်ပါက SAMESH ကို အမြဲ ဆက်သွယ်နိုင်သည်။


အိပ်ချ်အိုင်ဗီပိုး အမြန်စစ်ဆေးခြင်း

အိပ်ချ်အိုင်ဗီပိုးအမြန် စစ်ဆေးခြင်းကို သင်အသုံးပြုနိုင်သည့်နည်း နှစ်နည်းရှိသည်။ သင် ကိုယ်တိုင် စစ်ဆေးနည်းကိုသုံး၍ဖြစ်စေ (အိမ်၌စစ်ဆေးခြင်း ကိုကြည့်ပါ) သို့မဟုတ် စစ်ဆေးဖော်တစ်ဦးနှင့်အတူ စစ်ဆေးနည်းကိုသုံး၍ဖြစ်စေ စစ်ဆေးနိုင်သည်။ စစ်ဆေးဖော်များသည် စစ်ဆေးမှုများ အသုံးပြုပုံကို လေ့ကျင့်ထားသူများဖြစ်သည်။

အိပ်ချ်အိုင်ဗီပိုး အမြန် စစ်ဆေးခြင်းတွင် လက်ချောင်းထိပ်ဖောက်၍ သွေးစနမူနာထုတ်ယူခြင်း ပါဝင်သည်။ အိပ်ချ်အိုင်ဗီပိုးအမြန် စစ်ဆေးခြင်းဖြင့် ၁၅ မိနစ်အတွင်း အဖြေရသည်။

စစ်ဆေးဖော်ဖြင့် စစ်ဆေးခြင်း

အိပ်ချ်အိုင်ဗီပိုးအမြန် စစ်ဆေးခြင်း မလုပ်မီ၊ သင့်အား စစ်ဆေးပေးမည့်သူသည် သင်၏ လိင်ဆက်ဆံရေးရာဇဝင်နှင့် ပတ်သက်သည့် မေးခွန်းအချို့ကို မေးလေ့ရှိသည်၊ မေးခွန်းများမှာ -

  • အိပ်ချ်အိုင်ဗီပိုး နောက်ဆုံးအကြိမ် မည်သည့်အချိန်က စစ်ဆေးခဲ့သနည်း။
  • အိပ်ချ်အိုင်ဗီပိုး နောက်ဆုံးအကြိမ် စစ်ဆေးပြီးကတည်းကစ၍ သင့်တွင် လိင်ဆက်ဆံဖက် မည်မျှရှိသနည်း။
  • စအို၊ မိန်းမကိုယ် နှင့်/သို့မဟုတ် ရှေ့ပေါက် လိင်ဆက်ဆံခြင်း အပါအဝင် မည်သည့်လိင်ဆက်ဆံမှုမျိုး သင် ဆက်ဆံပါသလဲ။
  • လိင်ဆက်ဆံသည့်အခါ မည်သည့် အိပ်ချ်အိုင်ဗီပိုးကာကွယ်နည်းများကို သင် အသုံးပြုနေပါသလား သို့မဟုတ် အသုံးမပြုဘူးလား။

ထိုမေးခွန်းများသည် ကိုယ်ရေးကိုယ်တာ ဆန်လွန်းသော်လည်း ပွင့်ပွင့်လင်းလင်းပြောရန် အရေးကြီးပါသည်။ သင့်လိင်ပိုင်းအကြောင်းကို ပိုသိလေ၊ သင့်လိင်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အကြံဉာဏ်ပေးရန် ပိုမိုကောင်းမွန်သောအနေအထားရှိလေ ဖြစ်ပါသည်။

အဖြေများကို ရယူခြင်း

အိပ်ချ်အိုင်ဗီပိုး အမြန် စစ်ဆေးနည်းမှ ရသည့်အဖြေများသည် အိပ်ချ်အိုင်ဗီပိုး သမားရိုးကျ စစ်ဆေးနည်းများမှ ရသည့်အဖြေများနှင့် ကွဲပြားပါသည်။ အမြန် စစ်ဆေးနည်းသည် ၁၅ မိနစ်အတွင်း အဖြေရနိုင်သည်၊ သမားရိုးကျ စစ်ဆေးနည်းနှင့် နှိုင်းယှဥ်သော် အဖြေရရန် ၇ ရက်ကြာပါမည်။

အိပ်ချ်အိုင်ဗီပိုး အမြန် စစ်ဆေးနည်းဖြင့် အဖြေ သုံးမျိုး ရနိုင်သည်၊ ၎င်းတို့မှာ-

  • ပိုးမရှိပါ – ဆိုလိုသည်မှာ အိပ်ချ်အိုင်ဗီပိုး ခုခံအားများကို မတွေ့ရှိပါဟု အဓိပ္ပါယ်ရသည်။
  • ပိုးရှိသည် – ဆိုလိုသည်မှာ အိပ်ချ်အိုင်ဗီပိုးခုခံအားများကို တွေ့ရှိနိုင်ခြေ အလွန်များသည်ဟု ဆိုလိုသည်၊ နှင့်
  • မရေရာပါ – ဆိုလိုသည်မှာ စစ်ဆေးမှုအဖြေသည် မသေချာပါဟု ဆိုလိုသည်။

အကယ်၍ သင် ပိုးမရှိအဖြေကို ရပါက၊ ကြားကာလကို ထည့်စဉ်းစားရန် လိုပါသေးသည်၊ ကြားကာလမှာ စစ်ဆေးချိန်တွင် အိပ်ချ်အိုင်ဗီပိုးခုခံအားများကိုတွေ့ရှိရန် ကြာနိုင်သည့် အချိန်ကို ဆိုလိုသည်။ ထို့ကြောင့် ၃ လအကြာတွင် ထပ်မံစစ်ဆေးရန် အကြံပြုပါသည်။

အိပ်ချ်အိုင်ဗီပိုးအမြန် စစ်ဆေးနည်းများသည် အဖြေရရန် ၁၅ မိနစ် ကြာသည်။

အကယ်၍ သင် ပိုးရှိအဖြေကို ရပါက၊ ၎င်းကို အိပ်ချ်အိုင်ဗီပိုး သမားရိုးကျ စစ်ဆေးနည်းဖြင့် အတည်ပြုရန် လိုအပ်ပါမည်။ ဤသို့ဖြင့် အမြန် စစ်ဆေးနည်းအဖြေ မှန်ကန်ကြောင်း သေချာနိုင်ပါသည်။ အကယ်၍ သင် ပိုးရှိ အဖြေကို ရပါက၊ သင့်အား စစ်ဆေးပေးသူသည် အောက်ပါအကြောင်းကို ပြောပြမည်-

  • အဖြေမှာ ဘာကိုဆိုလိုသည်၊
  • နောက်ထပ် လုပ်ရမည့်အရာများ၊
  • အိပ်ချ်အိုင်ဗီပိုး သမားရိုးကျ စစ်ဆေးနည်း စစ်ဆေးနိုင်မည့်နေရာနှင့်
  • မည်သည့်ပံ့ပိုးမှုလုပ်ငန်းများ သင့်အတွက် ရနိုင်မည်တို့ ဖြစ်ပါသည်။

သူတို့သည် သင့် အကြောင်းကို ဆွေးနွေးရန် ‌တစ်စုံတစ်ဦးသို့ လွှဲပေးနိုင်ပါသည်။ ပံ့ပိုးမှုအတွက် သင် ဗစ်တိုးရီးယားတွင်နေထိုင်ပါက Thorne Harbour Health ၊ သင် တောင်သြစတြေးလျတွင် နေထိုင်ပါက SAMESH ကို အမြဲ ဆက်သွယ်နိုင်သည်။

အမြန် စစ်ဆေးနည်းကို မည်သည့်နေရာတွင် ရနိုင်သနည်း။

အမြန် စစ်ဆေးနည်းများကို PRONTO တွင် အခမဲ့ ရရှိနိုင်ပါသည်၊ ၎င်းသည် Melbourne မြို့ Abbotsford တွင် အခြားစစ်ဆေးဖော်များနှင့်အတူ စစ်ဆေးရသည့် အမြန် အိပ်ချ်အိုင်ဗီပိုး စစ်ဆေးခြင်း ဖြစ်ပါသည်။ . သင် ရက်ချိန်းယူရန်နှင့် နောက်ထပ်အချက်အလက်များသိရှိရန် ဤဝက်ဘ်ဆိုက် တွင်ပြုလုပ်နိုင်သည်။

သင် တောင်သြစတြေးလျတွင်နေထိုင်ပါက RAPIDO တွင် အခမဲ့ အမြန် စစ်ဆေးနည်းဖြင့် စစ်ဆေးနိုင်သည်၊ ၎င်းသည် မြို့လယ်ခေါင်တွင်တည်ရှိသော စစ်ဆေးဖော်ဖြင့် စစ်ဆေးရသည့် အိပ်ချ်အိုင်ဗီပိုး အမြန် စစ်ဆေးဝန်ဆောင်မှု ဖြစ်ပါသည်။ သင်ရက်ချိန်းယူရန်နှင့် နောက်ထပ်အချက်အလက်များ သိရှိရန် ဤဝက်ဘ်ဆိုက် ဝက်ဘ်ဆိုက်- တွင်ပြုလုပ်နိုင်ပါသည်။

ဩစတြေးလျနိုင်ငံတစ်ဝှမ်းရှိ အိပ်ချ်အိုင်ဗီပိုး အမြန် စစ်ဆေးနိုင်သော နေရာများ ရှာဖွေရန် Drama Downunder တွင်ကြည့်ပါ။


အိမ်၌ အိပ်ချ်အိုင်ဗီပိုးစစ်ဆေးခြင်း

အိမ်၌ အိပ်ချ်အိုင်ဗီပိုးစစ်ဆေးနည်းအိတ်များမှာ အိပ်ချ်အိုင်ဗီပိုး အမြန် စစ်ဆေးနည်းအိတ်များနှင့် အလားတူဖြစ်ပြီး လက်ထိပ်ဖောက်၍ သွေးစနမူနာ အနည်းငယ်ကို သုံးကာ သင့်အား ၁၅ မိနစ်အတွင်း အဖြေပေးပါသည်။ အဓိကကွာခြားချက်မှာ ဤစစ်ဆေးနည်းအိတ်များကို သင့်အိမ်တွင် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်သည်။

လက်ရှိ၌ သြစတြေးလျနိုင်ငံတွင် ရောင်းချခွင့်ပြုထားသော စစ်ဆေးနည်းတစ်ခုသာ ရှိပါသေးသည်၊ ၎င်းမှာ Atomo HIV Self-Test ဖြစ်ပါသည်။ ခွင့်ပြုထားသောပစ္စည်းများကိုသာ ဝယ်ယူရန် အရေးကြီးပါသည် သို့မှသာ အဖြေ တိကျမှုကို စိတ်ချနိုင်ပြီး အသုံးပြုရန် လုံခြုံပါသည်။

အိမ်၌ အမြန် စစ်ဆေးနည်းတွင် အသုံးပြုပုံညွှန်ကြားချက်များပါရှိပြီး စစ်ဆေးမှုအဖြေ တိကျစေရန် အဆိုပါညွှန်ကြားချက်များကို ဂရုစိုက်လိုက်နာရန် လိုအပ်ပါသည်။

အမြန်စစ်ဆေးနည်းဖြင့် ပိုးရှိ အဖြေအားလုံးကို အိပ်ချ်အိုင်ဗီပိုး သမားရိုးကျ စစ်ဆေးနည်းများဖြင့် အတည်ပြုရန် လိုအပ်ပါသည်။

အဖြေများကို ရယူခြင်း

အမြန် စစ်ဆေးနည်းသည် ၁၅မိနစ်အတွင်း အဖြေရနိုင်သည်၊ သမားရိုးကျ စစ်ဆေးနည်းနှင့် နှိုင်းယှဥ်သော် အဖြေရရန် ၇ ရက်ကြာပါမည်။

အိမ်၌ အိပ်ချ်အိုင်ဗီပိုးအမြန် စစ်ဆေးနည်းဖြင့် အဖြေ သုံးမျိုး ရနိုင်သည်၊ ၎င်းတို့မှာ-

  • ပိုးမရှိပါ – ဆိုလိုသည်မှာ အိပ်ချ်အိုင်ဗီပိုးခုခံအားများကို မတွေ့ပါဟု အဓိပ္ပါယ်ရသည်။
  • ပိုးရှိသည် – ဆိုလိုသည်မှာ အိပ်ချ်အိုင်ဗီပိုးခုခံအားများကို တွေ့ရှိနိုင်ခြေ အလွန်များသည်ဟု ဆိုလိုသည်၊ နှင့်
  • မရေရာပါ – ဆိုလိုသည်မှာ စစ်ဆေးမှုအဖြေသည် မသေချာပါဟု ဆိုလိုသည်။

အကယ်၍ သင်သည် ပိုးမရှိ အဖြေ ရပါက၊ စစ်ဆေးမှုတွင် အိပ်ချ်အိုင်ဗီပိုးခုခံအားများကို တွေ့ရှိရန် ကြားကာလအချိန်ကို ထည့်စဉ်းစားရန် လိုအပ်သေးသည်။ ထို့ကြောင့် ၃လအကြာတွင် ထပ်မံစစ်ဆေးရန် အကြံပြုပါသည်။

အကယ်၍ သင် မရေရာသော အဖြေကို ရပါက၊ ဆရာဝန်နှင့် ရက်ချိန်းယူပြီး အိပ်ချ်အိုင်ဗီပိုးသမားရိုးကျ စစ်ဆေးနည်းဖြင့် စစ်ဆေးရန် လိုအပ်ပါမည်။

ပိုးရှိ အဖြေရပါက ဘာဖြစ်မည်နည်း။

ပိုးရှိ အဖြေရပါက ၎င်းကို အိပ်ချ်အိုင်ဗီပိုး သမားရိုးကျ စစ်ဆေးနည်းဖြင့် အတည်ပြုရန် လိုအပ်ပါမည်။
ဤသို့ဖြင့် အိမ်၌ အမြန် စစ်ဆေးနည်းမှာ မှန်ကန်ကြောင်း သေချာစေပါသည်။ အိပ်ချ်အိုင်ဗီပိုး သမားရိုးကျ စစ်ဆေးနည်း စစ်ဆေးနိုင်သည့်နေရာကို Drama Downunder ဝက်ဘ်ဆိုက် တွင် ရှာနိုင်သည်။

ပံ့ပိုးမှု အတွက်၊ သင် ဗစ်တိုးရီးယားတွင်နေထိုင်ပါက Thorne Harbour Health ၊ သင် တောင်သြစတြေးလျတွင် နေထိုင်ပါက SAMESH ကို အမြဲ ဆက်သွယ်နိုင်သည်။

ကိုယ်တိုင် စစ်ဆေးနည်းကို မည်သည့်နေရာတွင် ရနိုင်သနည်း။

အိပ်ချ်အိုင်ဗီပိုး ကိုယ်တိုင် စစ်ဆေးနည်းကို ရပ်ကွက်တွင်းဆေးဆိုင်အချို့မှ ဝယ်ယူနိုင်သည်၊ သို့မဟုတ် Atomo ဝက်ဘ်ဆိုက် မှ တိုက်ရိုက်ဝယ်ယူနိုင်ပါသည်။

ဤ ကိုယ်တိုင် စစ်ဆေးနည်းအိတ်များကို သင့်ဒေသတွင်း HIV/AIDS အဖွဲ့အစည်းမှလည်း ဝယ်ယူနိုင်ပါသည်။ သင် ဗစ်တိုးရီးယားတွင်နေထိုင်ပါက Thorne Harbor Health (၀၃) ၉၈၆၅ ၆၇၀၀ သို့ဆက်သွယ်ပါ သို့မဟုတ် သင် တောင်သြစတြေးလျတွင်နေထိုင်ပါက SAMESH (၀၈) ၇၀၉၉ ၅၃၀၀ သို့ ဆက်သွယ်ပါ။